မယားငယ်ဖြစ်ရေး ရတက်မအေးစွာနဲ့ နည်းစုံသုံးပြီး သူများယောကျာ်းကိုမှ လင်တော်ချင် ပိုင်ဆိုင်ချင်ကြတဲ့ အမျိုးသမီးတို့လည်း ကိုယ့်ဆီလာတဲ့ ပုဂ္ဂိုလ်က သူ့အိမ်ထောင်ရေးမှာ ဘယ်လိုအခြေအနေရှိလည်းဆိုတာ လေ့လာပြီးမှ ကြံကြစေလိုပါတယ်။ များသောအားဖြင့်ကတော့ အိမ်ကမိန်းမက အိမ်မှုကိစ္စတွေနဲ့ မအားမလပ်ဖြစ်ပြီး လိင်မှုကိစ္စမှာ အချိန်မပေးနိုင်ကြတော့လို့ အချိန်ပေးနိုင်တဲ့သူဆီလာပြီး သူတို့ဆန္ဒကို ဖြေရှင်းတာပါပဲ။ သူတို့လိုချင်တာကို ရက်ရက်ရောရော ရချင်တဲ့အခါ အိုကြီးအိုမအရွယ်ကြီးတွေနဲ့ အခုမှ အချစ်စစ်ကိုတွေ့တာပါဆိုပြီး ကိုယ့်အသက်မှကိုယ် အားမနာ ပေါတောတော အချစ်စကားတွေကိုလည်း ပြောတတ်ကြတယ်။ အဲ့လို ပေါကြောင်ကြောင် အချစ်ကိုယုံပြီး ဒီလူက ငါမှငါဖြစ်နေပြီ ကလေးနဲ့သာချည်လိုက်ရင် ဒီကောင်ကိုပိုင်ပြီဟဲ့လို့ အပိုင်တွက်ပြီး ဗိုက်ကြီးခံလိုက်လို့ကတော့ မယားကြီးဝဋ်ကို အဲ့နေ့မှ စလည်ပြီမှတ်တော့။ ကံကောင်းလို့ ယောကျာ်းက ကိုယ့်ဘက်ပါရင်တော့ နဲနဲတော်သေးတယ်။ အဲ့လိုမှမဟုတ်ပဲ မယားကြီးနဲ့လုံးဝ အပြတ်မခံနိုင်တဲ့ ယောကျာ်းဆိုရင် ကိုယ့်ဗိုက်ထဲက ကလေး အဖေမဲ့ပြီး ဘဝတလျောက် ရောက်လေရာမှာ မျက်နှာငယ်တဲ့ ဘဝနဲ့ကြီးပြင်းရလိမ့်မယ်။ မယားကြီးကို အရွဲ့တိုက်ချင်လို့ ငွေညှစ်ချင်လို့ တမင်ရည်ရွယ်ချက်ရှိရှိ မွေးခဲ့တာဆိုရင်လည်း တနေ့ ကလေးသိတတ်တဲ့ အရွယ်ရောက်ရင် သူများမိသားစုကို ဒုက္ခပေးချင်လို့ သူ့ကိုမွေးခဲ့တယ်ဆိုတာသိပြီး အမေကို စိတ်နာဦးမယ်။ နဂိုက မေတ္တာကို အခြေခံပြီးမွေးခဲ့တာမဟုတ်တော့ ကလေးကို ကြင်နာယုယမှုမရှိပဲ ကိုယ့်ကို ပစ်ထားတဲ့ လင်ကို စိတ်နာ၊ စိတ်လေပြီး အပြင်ထွက် အပျော်အပါးပဲလုပ်ပြီး ကလေးကို အိမ်မှာပစ်ထားခဲ့တာတွေ တချိန်ချိန် ဒီကလေးလေးသိလာရင် စိတ်နာပြီး အမေကိုတောင် ပြန်ဒုက္ခပေးနိုင်တယ်။
အက်မင်တွေ့ကြုံရသလောက် ပြောရရင် မယားငယ်မတွေဆိုတာ အစပိုင်းပဲ လက်ခမောင်းခတ်နိုင်ပြီး ကောင်းစားကြတယ်၊ သူတို့ဇာတ်သိမ်းကတော့ တကယ်ကို မလှမပပါပဲ။ ကလေးနဲ့ချည်မယ့် မယားငယ်လေးတွေလည်း ဆင်ခြင်ကြပါ။ ကလေးတယောက်ပိုက်ပြီး အဖေခေါ်ခံချင်တဲ့သူမရှိလို့ အရူးတပိုင်းဖြစ်နေတဲ့ မယားငယ်မတွေကို ကြည့်ပြီး စိတ်မချမ်းသာလို့ပါ။ လူတိုင်းက လင်တရူး အပူသည်ဆိုတာသိနေလို့ ပျော်နေသယောင် တမင်ဟန်ဆောင်ပြပြီး အငိုမျက်လုံး အပြုံးမျက်နှာကို အတင်းလုပ်ယူနေရတဲ့ မယားငယ်မတွေရဲ့ ဒုက္ခကလည်း တကယ်မသေးလှဘူး။ အဲ့ဒီတော့ ဒုက္ခပေါင်းစုံ၊ အပူသောကတွေနဲ့ ပြည့်နှက်နေတဲ့ မယားငယ်ဘဝကို မခုံမင်ကြပါနဲ့။ မိန်းကလေးတိုင်းလိုလို ပွဲတိုးတဲ့ ပိုးပုဝါလေးတွေ ဖြစ်နိုင်ကြပါတယ်။ ညစ်ပတ်တဲ့ ချောင်ကြားထဲ အထိုးခံရတဲ့ လက်နှီးစုတ်ဘဝကို အဖြစ်မခံကြပါနဲ့နော်။ အထူးသဖြင့် ကိုယ့်မျိုးဆက်သစ်တွေ ဘဝမြင့်မားရအောင် စာရိတ္တလေးတွေ ကောင်းကြပါ၊ လူပျိုလူလွတ်ကို ရှာယူကြပါ လို့ အက်မင်တို့ တိုက်တွန်းလိုပါတယ် ☺.
No comments:
Post a Comment